December 23, 2023, Comment off

ချင်းရေးရာအဖွဲ့မှ Mizoram, Champhai District, Zokhawthar ရှိ စစ်ဘေးဒုက္ခသည်များထံသို့ Rs.700,000 တန်ဖိုးရှိသော ကူညီမှုများပြုလုပ်ပေး

၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၅ရက်နှင့် ၆ရက်နေ့တို့တွင် ချင်းရေးရာအဖွဲ့မှ Mizoram, Champhai District, Zokhawthar, Uilui နှင့် Zote အနီးတဝှမ်းရှိ စစ်ဘေးဒုက္ခသည်စခန်းရှိရာများသို့ တစ်ကိုယ်ရည်သန့်ရှင်းမှုပစ္စည်းများနှင့် အမျိုးသမီးသုံးပစ္စည်းများ၊ စာသင်ကျောင်းသုံး သင်ထောက်ကူပစ္စည်းများ၊ ဆေးဝါးများ၊ စခန်းတည်ဆောက်ရန် လိုအပ်သော ပစ္စည်းများနှင့် ၁၀၀၀လီတာဆန့် ရေပုံးများကို စစ်ဘေးဒုက္ခသည်စခန်း (၇) နေရာသို့ လှုဒါန်းခဲ့သည်။ 

အိန္ဒိယရူးပီး ၅၀,၀၀၀ ကျော် တန်ဖိုးရှိသော စာသင်ကျောင်းသုံး သင်ထောက်ကူပစ္စည်းများကို စစ်ဘေးဒုက္ခသည် ကျောင်းသူ၊ကျောင်းသားပေါင်း အယောက် ၃၀၀၀ ကျော်ထံသို့ လှူဒါန်းခဲ့သည်။ ဆက်လက်ပြီး ကျောင်းဆရာ၊ဆရာမ ၇ဦးအတွက် ထောက်ပံ့ကြေး အိန္ဒိယရူးပီး ၁၀၀,၀၀၀ ကျော်ကိုလည်း ထောက်ပံ့လှူဒါန်းခဲ့သည်။ 

“သမီးတို့က ပြန်စရာအိမ်လည်းမရှိတော့ဘူး၊ ဒီဘက်ကို ရောက်လာတဲ့အချိန်ကစပြီး အခုမှပဲ ပစ္စည်းအသစ်ကို ရတာ” ဟု ကျောင်းသူ ကလေးငယ် တစ်ဦးမှ သူမ၏ ဆရာမခံသို့ရင်ဖွင့်ခဲ့ကြောင်း ၎င်း၏ဆရာမထံမှ သိရသည်။ 

ဖိနပ်အသစ်နှင့် ကျောင်းဝတ်စုံအသစ်ရ၍ ပြန်မချွတ်လိုသော ကျောင်းသူကလေးငယ်

ထို့အပြင် အိန္ဒိယရူးပီး ၄၀,၀၀၀ ကျော် တန်ဖိုးရှိသော တစ်ကိုယ်ရည်သန့်ရှင်းမှုပစ္စည်းများနှင့် အမျိုးသမီးသုံးပစ္စည်းများနှင့် သက်ကြီးရွယ်ဦးများ၏ လိုအပ်သော ပစ္စည်းများလည်း စစ်ဘေးဒုက္ခသည် ယောက် ၂,၀၀၀ ကျော်အား လှူဒါန်းခဲ့သည်။ 

ကျန်းမာရေးစောင့်ရှောက်မှုများအတွက် လိုအပ်သောရှေးဦးသူနာပြုသင်တန်းများနှင့် လိုအပ်သော ဆေးဝါးများ (အိန္ဒိယရူးပီး ၁၅၀,၀၀၀ ကျော်တန်ဖိုး) ကိုလည်း စစ်ဘေးဒုက္ခသည် အယောက် ၂,၀၀၀ ကျော်အား ကုသပေးခဲ့သည်။ အဆိုပါ ဆေးဝါးကုသမှုကို ချင်းရေးရာအဖွဲ့၏ Lailun Medical Centre မှ မိုဘိုင်းဆေးခန်း (Mobile Clinic) နှင့် အိန္ဒိယ-မြန်မာနယ်စပ်တွင် ဖွင့်လှစ်ထားသော ဆေးခန်းများမှ ကုသပေးခြင်းဖြစ်သည်။ 

Lailun Medical Centre မှ ဆေးဝါးကုသပေးနေစဥ်

ထို့နောက် သောက်သုံးရေ သိုလှောင်နိုင်ရန် လီတာ ၁,၀၀၀ ခန့် ရေပုံး ၆ပုံးကိုလည်း စစ်ဘေးဒုက္ခသည်စခန်း ၂နေရာရှိ လူဦးရေအယောက် ၂,၀၀၀ကျော် အသုံးပြုနိုင်ရန်အတွက် လှူဒါန်းခဲ့သည်။ 

အခုလို ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့တော့ ကျနော်တို့ ညီအကိုတွေက ဘယ်လောက်ထိ အကူအညီလိုအပ်နေတယ်ဆိုတာကို မျက်ဝါးထင်ထင် မြင်တွေ့လာခဲ့ရတယ်။ အခု ကျနော်တို့ လှူလိုက်တာက အလွယ်ပြောရရင် အိန္ဒိယရူးပီး ၆၀၀,၀၀၀ ကျော် ၇၀၀,၀၀၀ နီးပါးတန်ဖိုးရှိတဲ့ပစ္စည်းကိုလှူခဲ့တာပါ။ ဒါကနည်းတဲ့ပမာဏတော့မဟုတ်ဘူးလို့ပြောလို့ရတယ်၊ ဒါပေမယ့် သူတို့ (စစ်ဘေးဒုက္ခသည်) လက်ထဲရောက်သွားတော့ သူတို့တစ်ဦးချင်းစီရဲ့ တစ်ပတ်စာလောက်ပဲရှိတယ်။ ဒါကြောင့် သူတို့ (စစ်ဘေးဒုက္ခသည်) ကို ဒီ့ထက်မကသော ကူညီထောက်ပံ့မျုတွေပေးဖို့လိုအပ်နေပါသေးတယ်။” ဟု project M&E Salai Duh Lian Bik မှ ပြောကြားခဲ့သည်။

ထို့အပြင် စစ်ဘေးဒုက္ခသည် ကလေးငယ်များ ပညာသင်ကြားနိုင်ရန်အတွက် စာသင်ကျောင်းဆောင်ဆောက်လုပ်ရာ၌ လိုအပ်သော မိုးကား ၄၂ လိတ်ကိုလည်း လှူဒါန်းခဲ့သည်။ 

ကလေးငယ်များ ပညာသင်ကြားနေစဥ်

ဦးတို့က အသက်လည်းကြီးနေပါပြီ၊ အသက်ကြီးပိုင်းရောက်မှ ဘဝကို အစကနေပြန်စရတော့ အရမ်းကို သိမ်ငယ်နေရပါတယ်။ အခုသားတို့ပေးလာတဲ့ပစ္စည်းနဲ့ပဲ ဘဝကိုပြန်စရတော့မှာ၊ အလုပ်အကိုင်လည်းအရမ်းရှားနေတယ်၊ ဒါ‌ကြောင့် သားတို့အနေနဲ့ ၁၀၀၊ ၂၀၀ ကအစ လာရောက်ကူညီပေးကြဖို့ တောင်းဆိုချင်ပါတယ်”ဟု စစ်ဘေးဒုက္ခသည် အဘိုးအိုတစ်ဦးက ICA သို့ပြောသည်။ 

ချင်းရေးရာအဖွဲ့မှ စစ်ဘေးဒုက္ခသည်စခန်း ၇နေရာရှိ စစ်ဘေးဒုက္ခသည်များထံသို့ အိန္ဒိယရူးပီး ၇၀၀,၀၀၀ တန်ဖိုးရှိသော ပစ္စည်များကို လှူဒါန်းခဲ့ခြင်းဖြစ်သည်။