April 12, 2024, Comment off

စစ်မှုထမ်းဥပဒေနှင့် ချင်းပြည်နယ်၏ အခြေအနေ

ချင်းပြည်နယ်တွင် စစ်မှုထမ်းရန် အသက်အရွယ်ရောက်ပြီးသူတိုင်း (၁၈နှစ်နှင့်အထက်) မှတ်ပုံတင်စာရင်းသွင်းရန် ဆင့်ခေါ်မှုများကို စစ်ကောင်စီက ဟားခါး၊ ဖလမ်း၊ တီးတိန်၊ မင်းတပ်၊ မတူပီမြို့တို့တွင် စတင်ပြုလုပ်ပြီးဖြစ်ကြောင်း သိရသည်။

ဟားခါးမြို့ပေါ်၊ ဈေးသစ်ရပ်ကွက်၊ ပြည်တော်သာရပ်ကွက်တို့တွင် မတ်လ ၁၈ ရက်ကစ၍ ရဲ၊ စစ်သား အပါအဝင် ထွေအုပ်ရုံး၀န်ထမ်းများက တစ်အိမ်တက်ဆင်း အိမ်ထောင်စုစာရင်းများ လိုက်လံကောက်ခံကာ  စစ်မူထမ်းရန် ဆင့်ခေါ်သည့် စာရွက် ပုံစံ (၂)၊ ပုံစံ (၅) တို့ကိုပါ ဖြည့်ခိုင်းနေသည်ဟု ဟားခါးမြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

လိုက်ကောက်တာတော့ မြို့စွန်မြို့ဖျားဖက်တော့မသွားဘူး၊ မြို့အလယ်ဖက်ရပ်ကွက်တွေကိုကောက်တာ၊ သူတို့ ကောက်ပြီးလို့ရှိရင် စာရွက် (၂) ရွက်ပေးခဲ့တယ်၊ အဲ့စာရွက်မှာ ကိုယ်ရေးအသေးစိတ်ဖြည့်ရမယ် လို့ပြောတယ်၊ အဲဒါဖြည့်ပြီးရင် သူတို့ရုံးကို သွားပေးရမှာလို့ပြောတယ်” ဟု ဟားခါးမြို့ခံကပြောသည်။ (Khonumthung Burmese, မတ်လ ၁၈)

ဖလမ်းမြို့တွင်လည်း မတ်လ ၁၈ရက်နေ့မှစပြီး စစ်ကောင်စီတပ်ကုန်းနှင့် နီးကပ်သည့် နေအိမ်တို့တွင် တအိမ်တက်ဆင်း အိမ်ထောင်စုစာရင်းများ လိုက်လံကောက်ခံနေသည်ဟု သိရသည်။

ချင်းအမျိုးသားအဖွဲ့ချုပ် CNO/CNDF က Salai Cung Ngai က  “အိမ်ထောင်စုစာရင်းတွေ လိုက်ကြည့်ပြီးတော့ ကောက်တာ၊ ရဲရယ်ဌာနဆိုင်ရာ လ.ဝ.က တွေ၊ ဟိုဖက်ကတော့ လုံခြုံရေး တွေယူပေးမယ်၊ ပြည်သူလူထုတွေကတော့ စိုးရိမ်ထိတ်လန့် နေကြမှာပဲ၊ သူတို့က စစ်မူမထမ်းမနေရကောက်မှာပဲ မတရား ဖမ်းစီးမူတွေရှိလာမယ်ဆိုတော့လေ လူငယ်တွေကို CNDF ထဲကိုဝင်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်” ဟုပြောသည်။ (Khonumthung Burmese, ‌မတ်လ ၁၈)

ထို့အပြင် “တပ်ကုန်းကနေစပြီး စစ်မှုထမ်းဖို့ စာရင်းလိုက်ကောက်တာ အခုဆိုရင် Vankau ရပ်ကွက်ကနေစပြီး တ‌ဖြေးဖြေးဆင်းလာတာ ရပ်ကွပ် ၃ခုကို စာရင်းကောက်လို့ပြီးသွားပြီလို့တော့ ခန့်မှန်းရတယ်” ဟု ဖလမ်းမြို့ရှိ ဒေသခံအမျိုးသမီးတစ်ဦးက ICA သို့ပြောသည်။ 

ချင်းပြည်နယ်၊ တီးတိန်မြို့တွင် စစ်မှုထမ်းရန် စာရင်းကောက်ယူသော Non CDM ၀န်ထမ်း ငါးဦးကို မတ်လ ၂၅ရက်နေ့ မနက်၌ ဖမ်းဆီးခဲ့ထားကြောင်း PDF Zoland က ထုတ်ပြန်ခဲ့သည်။ 

ဖမ်းဆီးခံရသူများမှာ လက်ထောက် အင်ဂျင်နီယာ (စည်ပင်) ကိုကပ်ဆွင်းခွါလ် (Kap Suan Khual(၊ ဒု ကြီးကြပ် (မွေး/ကု) ကို ဦးခွါလ်လျန်းမုန်(Khual Lian Mung)၊  အုပ်စုစာရေး (ထွေအုပ်) ဦး လျန်းလမ်ခိုင်(Lian Lam Khiang)၊ အားကာမှူး ဦးရှင်းခန့်ခွါလ်(Sian Khan Khual)၊ အငယ်တန်းစာရေး (လ၀က) ဦးနန်ဆွင်းဂင့်(Nang Suan Gin) တို့ ဖြစ်ပါကြောင်း သိရသည်။ (Zalen, မတ်လ ၂၅ရက်)

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်တွင်လည်း စစ်ကောင်စီတပ်၏ စစ်မှုထမ်းဥပဒေအကောင်အထည်ဖေါ်ရန် လူ ဦးရေစာရင်းကောက်ခံရာမှာ ပါဝင်ပတ်သက်သူများကို အရေးယူသွားမယ်ဟု တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူထံမှ ကြားသိရကြောင်း မတ်လ ၂၆ရက်နေ့တွင် DVB မှသိရသည်။ 

စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရဥပဒေအရ အဓမ္မစစ်သားစုဆောင်းခေါ်ယူမှု ပထမသုတ်မှာ ချင်းပြည်နယ် မပါဝင်သေးကြောင်း စစ်ကောင်စီ၏ စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။ (Khonumthung Burmese, ဧပြီ၊ ၂ရက်)

လက်နက်ကိုင်ခုခံတော်လှန်မှု  အားကောင်းပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့များက နယ်မြေအများစုကို ထိန်းချုပ်စိုးမိုးထားသော ချင်းပြည်နယ်တွင် စစ်မှုမထမ်းမနေရအတွက် စာရင်းကောက်ယူပြုစုမှုအဆင့်မှာသာရှိနေပြီး စစ်မှုထမ်းရန် ဆင့်ခေါ်မှုများ မလုပ်သေးကြောင်း စစ်ကောင်စီ၏ စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ထံမှ တာ၀န်ရှိသူကပြောသည်။

စာရင်းကောက်ယူရေးအဖွဲ့က စာရင်းကောက်ထားတာပဲ ရှိသေးတယ်။ ချင်းပြည်နယ်ကိုတော့ အခု အသုတ်မှာ ခေါ်မထားသေးဘူး။ နောက်အသုတ်တွေမှာတော့ အကျုံးဝင်နိုင်ပါတယ်။ ပထမအသုတ်မှာက စုစည်းရ ခက်နေတဲ့အတွက်ကြောင့် မခေါ်သေးတာပါ။ ချင်းပြည်နယ်ဘက်မှာက အခုလောလောဆယ် လမ်းပန်းဆက်သွယ်ရေးလည်း ခက်ခဲနေသေးတယ်။ လူတွေကို စုပြီး ခေါ်ဖို့ကလည်း အဆင်မပြေသေးတဲ့အတွက် မခေါ်သေးပဲ ထားတာပါ” ဟု စစ်ကောင်စီစစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။ (Khonumthung Burmese, ဧပြီ၊ ၂ရက်)

သို့သော် စစ်ကောင်စီ အာဘော် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည့် စစ်မှုထမ်းဆင့်ခေါ်ရေး ဆိုင်ရာ ကိစ္စရပ်များအပေါ် စုံစမ်းမေးမြန်းခြင်းနှင့် သတင်းပို့ခြင်း ပြုလုပ်နိုင်သော ထုတ်ပြန်ချက်တွင် နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ တနသ်ာရီတိုင်း၊ ဧရာ၀တီတိုင်း၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်တို့သာ ဖော်ပြထားပြီး ချင်း၊ ကချင်၊ ကရင်နှင့် ကရင်နီတို့ ပါ၀င်ခြင်းမရှိပေ။

Data for Myanmar ၏ မတ်လ ၂၂ ရက်နေ့အထိစာရင်းအရ စစ်ကောင်စီက မြို့နယ်ပေါင်း ၁၇၂ မြို့နယ်မှာ စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်ရန် စာရင်းကောက်ယူခြင်း၊ မဲနှိုက်ရွေးချယ်ခြင်း၊ စစ်မှုထမ်းအသက်အရွယ်ရောက်သူအဖြစ် မှတ်ပုံတင် စာရင်းသွင်းရန်ဆင့်ခေါ်မှုများလုပ်ဆောင်ခဲ့ပြီး ချင်းပြည်နယ်မှာလည်း ဟားခါး၊ ဖလမ်း၊ တီးတိန်၊ မင်းတပ်၊ မတူပီမြို့တို့ပါ၀င်ကြောင်း သိရသည်။

အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းခုခံတော်လှန်မှုများနှင့် ရင်ဆိုင်နေရပြီးနောက် မြို့များနှင့် စစ်စခန်းကြီးများ ဆုံးရှုံးမှုများ၊ တပ်ဖွဲ့ဝင် အများအပြားသေဆုံးမှုများနှင့် လက်နက်ချမှုများ ကြုံတွေ့နေရသည့် စစ်ကောင်စီသည် ဖေဖော်ဝါရီလ ၁၀ ရက် စစ်မှုမထမ်းမနေရ ဥပဒေကို ပြဌာန်းကာ အရွယ်ရောက်လူငယ်များကို စစ်သားအဖြစ် ထမ်းဆောင်ခိုင်းရန် ဧပြီလအတွင်း  ပထမအသုတ်ကို အဓမ္မခေါ်ယူ လေ့ကျင့်ပေးမည်ဖြစ်သည်။

“non-CDM နှင့် ပြည်သူများအားလုံးကို သတိပေးချင်ပါတယ်၊ SACမှ စစ်မှုထမ်းဥပဒေဖော်ဆောင်တဲ့နေရာမှာ ဘယ်သူမှ မကူညီကြပါနှင့်၊ ချင်းလူငယ်များအနေဖြင့်လည်း အထိတ်တလန့်နှင့် နေရမယ့်အစား မိမိနှင့် နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့သို့ ပူးပေါင်းပါဝင်ပေးကြပါ”ဟု ချင်းအမျိုးသားအဖွဲ့ချုပ်(CNO)၏ အထွေထွေအတွင်းရေးမှုးမှ Facebook စာမျက်နှာ၌ ဖော်ပြထားသည်။