February 1, 2024, Comment off

စစ်ကောင်စီမှ အာဏာသိမ်းပြီး ၃နှစ်တာအတွင်း ချင်းအမျိုးသားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ချင်းပြည်နယ်အပေါ် ရိုက်ခတ်မှု

နိဒါန်း

၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော နိုင်ငံတော်အာဏာသိမ်းယူမှု ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်နေ့တွင် ၃နှစ် တင်းတင်းပြည့်ခဲ့လေပြီ။ ၃နှစ်တာအတွင်း ချင်းပြည်နယ်နှင့် အခြားတိုင်းဒေသများတွင် နေထိုင်သော ချင်းအမျိုးသားများ သေဆုံးမှု၊ လူနေအိမ်များမီးတင်ရှို့မှု၊ နေရပ်စွန့်ခွာစေမှုနှင့် အခြားသော လူ့အခွင့်အ‌ရေးချိုးဖောက်မှုများစွာကို စစ်ကောင်စီဘက်မှကျူးလွန်နေကြောင်းကို အောက်ပါ ဒေတာအချက်အလက်များနှင့်တကွ ဖော်ပြအပ်ပါသည်။ 

ချင်းအမျိုးသားများ အသက်ဆုံးရှုံးမှု

စစ်ကောင်စီမှ အာဏာသိမ်းယူပြီး ၃နှစ်တာကာလအတွင်း ချင်းပြည်နယ်ရှိ မြို့နယ်အလိုက် သေဆုံးမှုမှာ တွန်းဇံမြို့နယ် ၃ဦး၊ တီးတိန်မြို့နယ် ၃၉ဦး၊ ဖလမ်းမြို့နယ် ၆၉ဦး၊ ထန်တလန်မြို့နယ် ၆၄ဦး၊ ဟားခါးမြို့နယ် ၇၇ဦး၊ မတူပီမြို့နယ် ၇၂ဦး၊ မင်းတပ်မြို့နယ် ၉၈ဦး၊ ပက်လက်ဝမြို့နယ် ၁၀ဦးနှင့် ကန်ပက်လက်မြို့နယ် ၁၃ဦးတို့ဖြစ်သည်။ ထို့အပြင် ချင်းပြည်နယ်ပြင်ပရှိ ချင်းအမျိုးသားများနေထိုင်ကြသော စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်၊ မန္တလေး နှင့် အခြားသော ဒေသများမှ ချင်းအမျိုးသားများ သေဆုံးမှုမှာ ၁၇၃ဦးအထိရှိပြီးဖြစ်သည်။ 

ပြည်သူများအား အကြောင်းမဲ့သတ်ဖြတ်မှုများ 

စစ်ကောင်စီတပ်သားများသည် စစ်ကြောင်းချီတက်လာစဥ် လမ်းဘေးဝဲယာရှိ ရွာများသို့ အလျင်းသင့်သလို ပေါ်တာဆွဲခေါ်ခြင်းများ၊ ဘာသာရေးအဆောက်အဦးများကို ဝင်ရောက်စီးနင်းခြင်းများအပြင် ဒေသခံပြည်သူများကို အကြောင်းမဲ့သက်သက်ဖမ်းဆီးနှိပ်စက်ခြင်းသာမက သတ်ဖြတ်ခြင်းများကိုလည်း ပြုလုပ်နေကြသည်။ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၃၁ရက်နေ့တွင် ကလေးမြို့နယ် တစ်နေရာတွင် ပြည်သူတစ်ဦးမှ မိမိအိမ်စီးကားဖြင့် အိမ်အပြန်လမ်းမှာ သေနတ်ဖြင့်ပစ်သတ်ကာ သေဆုံးခဲ့ကြောင်းသိရသည်။ ထိုကဲ့သို့သော အပြစ်မဲ့ပြည်သူများအပေါ် စစ်ကောင်စီမှု၏ အကြောင်းမဲ့သတ်ဖြတ်မှုမှာ စုစုပေါင်း ၁၂၃ဦးအထိရှိပြီးဖြစ်သည်။

စစ်ကောင်စီတပ်သားများမှ အထက်ဖော်ပြပါအတိုင်း ချင်းအမျိုးသားများအပေါ် ပြစ်မှုကျူးလွန်မှု သေးစိတ်ဒေတာအချက်အလက်များကို အောက်ပါအတိုင်း‌ ဖော်ပြအပ်ပါသည်။ 

လူသားဒိုင်းအဖြစ်အသုံးပြုမှုများနှင့် သတ်ဖြတ်မှု 

စစ်ကောင်စီတပ်များသည် ချင်းပြည်နယ်သို့ ထိုးစစ်ဆင်လာရာတွင် လမ်းပြအနေဖြင့် သော်လည်းကောင်း၊ ဓားစာခံအနေဖြင့် သော်လည်းကောင်း အရပ်သားများအား အတင်းအကြပ်ဖမ်းခေါ်ပြီး လူသားဒိုင်းအဖြစ် စေခိုင်းခဲ့ကာ ပြစ်မှုကျူးလွန်ခဲ့ကြပါသည်။ ချင်းပြည်နယ်အတွင်း၌ အရပ်သားပြည်သူ ၁၄၄ဦးကျော်အား လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခဲ့ကြသည်။ ထိုအထဲမှ ပြန်လည်လွတ်‌မြောက်လာသူရှိသော်လည်း ၉ဦးမှာ အလောင်းကိုပင် ပြန်မရနိုင်ပဲ အလောင်းဖျောက်သတ်ပစ်ခဲ့ကြောင်း တွေရသည်။ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလတွင်လည်း တမူးမြို့နယ်၊ ကာနန်ရွာ၌ စစ်ကောင်စီမှ လူသားဒိုင်းအဖြစ် ပြည်သူ ၁၀ဦး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ‌ဒေသခံများထံမှ သိရသည်။ 

အကျဥ်းထောင်အတွင်း ဖမ်းဆီးသတ်ဖြတ်မှု 

စစ်ကောင်စီတပ်မှ ချင်းအမျိုးသား ၁၀၀၀ ကျော်ကို ၃နှစ်တာကာလအတွင်း ဖမ်းဆီးခဲ့ပြီးဖြစ်သည်။ ထိုအထဲမှ ပြန်လည်လွတ်မြောက်လာသူအ‌မြောက်အများရှိသော်လည်း အချို့မှာ ပုဒ်မအမျိုးမျိုးတပ်ကာ မတရားဖမ်းဆီးခံထားရမှုများလည်းရှိသည်။ ထို့အထဲမှ အောက်ဖော်ပြပါ ၃ဦးမှာ ၂၀၂၄ခုနှစ် ဇွန်နဝါရီလ ၁၈ရက်နေ့တွင် တော်လှန်‌ရေးတင်အားစုများအား ကူညီထောက်ပံ့သည်ဟု စွပ်စွဲကာဖမ်းဆီးထောင်ဒဏ်ချမှတ်ခဲ့သော ချင်းအမျိုးသားများဖြစ်ကြသည်။

  • ဟားခါးမြို့နယ်တွင် နေထိုင်လျက်ရှိပြီး တော်လှန်‌ရေးတင်အားစုများအား ကူညီထောက်ပံ့သည်ဟု စွပ်စွဲကာ ဟရမ်နော်လ်ထန်(Hrang Nawl Thang) အား စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖြင့် စစ်ဆေးခဲ့ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ၅၂(က)အရ  အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ် ကျခံစေရန် ချမှတ်ခဲ့ကြောင်း သိရပါသည်။ 
  • ဟားခါးမြို့နယ်တွင် နေထိုင်လျက်ရှိပြီး တော်လှန်‌ရေးတင်အားစုများအား ကူညီထောက်ပံ့သည်ဟု စွပ်စွဲကာ နှီဘွေထန်း (Hniang Bawi Thang)အား စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖြင့် စစ်ဆေးခဲ့ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ၅၀(ည)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ၅၁(ဂ)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ၅၂(က)တို့အရ  ထောင်ဒဏ်တစ်သက် ကျခံစေရန် ချမှတ်ခဲ့ကြောင်း သိရပါသည်။
  • ဟားခါးမြို့နယ်တွင် နေထိုင်လျက်ရှိပြီး တော်လှန်‌ရေးတင်အားစုများအား ကူညီထောက်ပံ့သည်ဟု စွပ်စွဲကာ မနှီလှောန်းဆုန်(Ni Hlawn Sung) အား စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖြင့် စစ်ဆေးခဲ့ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ၅၀(ည)အရ  ထောင်ဒဏ်တစ်သက် ကျခံစေ ရန် ချမှတ်ခဲ့ကြောင်း သိရပါသည်။

ထို့အပြင် စစ်ကောင်စီမှ ဖမ်းဆီးကာ ထောင်ဒဏ်ချမှတ်ထားသော်လည်း ကျန်းမာရေး ကြောင်းအမျိုးမျိုးပြကာ သေဆုံးကြောင်း မိသားစုများထံသို့ အကြောင်းကြားခဲ့မှုများလည်းရှိသည်။ ထိုသို့ အကျဥ်းထောင်အတွင်း၌ နှိပ်စက်သတ်ဖြတ်မှုများမှာ ၃နှစ်တာကာလအတွင်း ချင်းအမျိုးသား ၅ဦးအထိရှိပြီးဖြစ်သည်။

မြေမြုပ်မိုင်းကြောင့် သေဆုံးမှု 

ချင်းပြည်နယ်အတွင်း စစ်ကောင်စီမှ အာဏာသိမ်းယူပြီး ၃နှစ်အတွင်း မြေမြုပ်မိုင်းကြောင့် အရပ်သားပြည်သူများသေဆုံးမှုမှာ အောက်ပါအတိုင်းဖြစ်သည်။ 

လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးမှု 

စစ်ကောင်စီမှ အာဏာသိမ်းယူပြီး ၃နှစ်အတွင်း ချင်းပြည်နယ်နှင့် ချင်းအမျိုးသားများနေထိုင်သော ‌ဒေသများသို့ ပြည်ပရန်သူအလား စစ်လေယာဥ်များဖြင့် ထိုးစစ်ဆင်တိုက်ခိုက်မှုမှာ ၈၄ကြိမ်အထိရှိပြီးဖြစ်သည်။ ထိုသို့ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသားပြည်သူသေဆုံးမှုမှာ ၈၄ဦးအထိရှိပြီးဖြစ်သည်။ 

၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၇ရက်နေ့တွင်း ကာနန်ရွာ၌ ဘုရားဝတ်ပြုနေစဥ် စစ်ကောင်စီမှ လေကြောင်းပစ်ခေတ်မှု ၆ကြိမ်ပြုလုပ်ပြီး ဘုရားဝတ်ပြုနေကြသော ချင်းအမျိုးသား ၁၇ဦးအထိ သေဆုံးကာ ၁၉မှာ ဆိုးရွားစွာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၃၀ရက်နေ့တွင် ပလက်ဝမြို့နယ်၊ ဟုမ်းကျေးရွာကို စစ်ကောင်စီမှ မည်သည့်တိုက်ပွဲမှ မရှိပါဘဲလျက် တိုက်လေယာဥ်ဖြင့် ဗုံး ၃ကြိမ် လာရောက်ကြဲချခဲ့သောကြောင့် ဓာတ်ဆီဝယ်ရန်သွားနေကြသော ပြည်သူ ၇ဦးမှာ နေရာမှာပင် သေဆုံးခဲ့ရကြောင်း သိရသည်။ 

တော်လှန်ရေးတပ်သားများသေဆုံးမှု 

၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော စစ်တပ်၏ နိုင်ငံတော်အာဏာသိမ်းယူမှုကို မလိုလားကြသော ချင်းအမျိုးသားတော်လှန်းရေးသမားများနှင့် စစ်ကောင်စီတပ်အကြား ပစ်ခတ်မှုများ မကြာခဏဖြစ်ပွားခဲသည်။ ထိုသို့ဖြစ်ပွားခဲ့သော ပစ်ခတ်မှုများကြောင့် စစ်ကောင်စီတပ်သား ၂၀၀ ကျော်သေဆုံးခဲ့ရပြီး ချင်းအမျိုးသားတော်လှန်ရေးတပ်သား ၂၄၆ဦးအထိ အမျိုးသားနိုင်ငံရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးအတွက် အသက်ပေးခဲ့ကြပြီးဖြစ်သည်။ 

ထို့အပြင် ပြည်ပရန်သူအလား စစ်ကောင်စီမှ လေကြောင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ချင်းအမျိုးသားတော်လှန်ရေးတပ်သား ၂၈ဦးသေဆုံးခဲ့ရသည်။

ထို့အပြင် မြေမြုပ်မိုင်းကြောင့် သေဆုံးသူမှာလည်း ၂၈ဦး၊ ဖမ်းဆီးနှိပ်စက်ပြီး အလောင်းကိုဖောက်ဖျက်ခံခဲ့ရသော ချင်းအမျိုးသား ၁၁ဦး၊ ဆေးဝါးလုံလောက်မှုမရှိသောကြောင့် သေဆုံးသူ ၂၂ဦးနှင့် ဖမ်းဆီးသတ်ဖြတ်ပြီး အလောင်းအား မီးရှို့ဖျက်ဆီးခဲ့သော ချင်းအမျိုးသား ၁၀ဦးအထိရှိပြီးဖြစ်သည်။ 

ဘာသာရေးအဆောက်အဦးနှင့် လူနေအိမ်များကို ဖျက်ဆီးမှု

စစ်ကောင်စီမှ နိုင်ငံတော်အာဏာသိမ်းယူပြီး ၃နှစ်အတွင်း ချင်းပြည်နယ်နှင့် ချင်းပြည်နယ်ပြင်ပရှိ ချင်းအမျိုးသားများနေထိုင်သော ဒေသများရှိ ဘာသာရေးအဆောက်အဦး စုစုပေါင်း ၁၀၈ကျောင်းအထိ ဖျက်ဆီးခဲ့ပြီးဖြစ်သည်။ ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၇ရက်နေ့တွင်၊ ကာနန်ရွာ၌ ဘုရားဝတ်ပြုနေစဥ် စစ်ကောင်စီမှ လေကြောင်းပစ်ခတ်မှု ၆ကြိမ်ပြုလုပ်ပြီး နှစ်ခြင်းဘုရားကျောင်းမှာ ပျက်စီးခဲ့သည်။ ထိုမျှမကပဲ ဘုရားကျောင်းဘေးရှိ စာသင်ကျောင်းမှာလည်း ပျက်စီးခဲ့ရသည်။ 

စစ်ကောင်စီတပ်မှ နိုင်ငံတော်အာဏာသိမ်းယူပြီး ၃နှစ်အတွင်း ချင်းအမျိုးသားများနေထိုင်သော လူနေအိမ် အဆောက်အဦး စုစုပေါင်း ၂၁၅၄လုံးထက်မနည်း ဖျက်ဆီးခဲ့ပြီးဖြစ်သည်။ 

နိုင်ငံတော်အာဏာသိမ်းယူပြီး ကုန်စျေးနှုန်းအခြေအနေနှင့် လူနေမှုအဆင့်အတန်း

စစ်ကောင်စီမှ နိုင်ငံတော်အာဏာသိမ်းယူပြီးနောက် မာရှယ်လော ကြေညာ၍သော်လည်းကောင်း၊ ကုန်သွယ်ရေးပိတ်ဆို့၍သော်လည်းကောင်း နည်းလမ်းအမျိုးမျိုးဖြင့် အဘက်ဘက်မှ ပိတ်ဆို့မှုများပြုလုပ်လျက်ရှိသည်။ ထိုသို့ကြုံတွေ့ရသော လူနေမှုဘဝနိမ့်ကျမှုများအနက် အခြေခံလူသုံးကုန်ပစ္စည်းများ၏ ကုန်‌စျေးနှုန်းကွာဟချက်များကို ဖော်ပြအပ်ပါသည်။

ဤသည်ကိုကြည့်ခြင်းအားဖြင့် စစ်ကောင်စီမှ နိုင်ငံတော်အာဏာသိမ်းယူပြီးနောက် ချင်းပြည်နယ်ရှိ အခြေခံ လူသုံးကုန်များ၏ စျေးနှုန်းများမှာ ပျမ်းမျှအားဖြင့် ၃ဆမှ ၅ဆအထိ မြင့်တက်သွားကြောင်းတွေ့ရသည်။ ဤကဲ့သို့ အခြေခံကုန်စျေးနှုန်းများမြင့်တက်လာသော်လည်း အလုပ်အကိုင်အခွင့်အလမ်းမှာ နည်းသထက် နည်းပါးလာသည်။ 

နေအိမ်များစီးနင်းမှုနှင့် အတင်းအကြပ်နေရပ်စွန့်ခွာစေမှု

၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလအတွင်း ချင်းပြည်နယ်ရှိ ဒေသခံချင်းအမျိုးသားတော်လှန်ရေး အင်အားစုများနှင့် စစ်ကောင်စီတပ်များအကြာ မကြာခဏ ပစ်ခတ်မှုတိုက်ပွဲပေါင်း ၉၀၀နီးပါးဖြစ်ပွားခဲ့ပြီးဖြစ်သည်။ ထိုတိုက်ပွဲများကြောင့် ချင်းပြည်နယ်အတွင်း စစ်ဘေးရှောင်ပြည်သူ ၁၀၀၀၀၀ကျော်အထိ ရှိခဲ့ပြီး အိမ်းနီးချင်းနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံ၊ မီဇိုးရမ်းပြည်နယ်သို့ စစ်ဘေးဒုက္ခသည် ၆၀၀၀၀နီးပါးအထိ ထွက်ပြေးတိမ်း‌ရှောင်နေရသည်။  

၃နှစ်တာကာလအတွင်း ချင်းပြည်နယ်၏ တော်လှန်ရေးအခြေအနေ

စစ်ကောင်စီမှ နိုင်ငံတော်အာဏာသိမ်းယူအပြီးတွင် စစ်ကောင်စီ၏ အာဏာရှင်စနစ်ကိုမလိုလားသောကြောင့် လက်နက်ချစွန့်ခွာခဲ့သော ချင်းပြည်နယ်ရှိ တပ်စခန်းနှင့် ရဲစခန်းများမှာ အောက်ပါအတိုင်းဖြစ်သည်။ 

(၁) ဆူရ်ခွာမြို့ရဲစခန်း (Surbung)

(၂) နှာရိန်းမြို့ရဲစခန်း (Hnaring)

(၃) ဝန်းသိုတပ်စခန်း (Vomtu)

(၄) ဆာဘောင်သဲရဲစခန်း (Sabawmte)

(၅) ဝေဘူလရဲစခန်း (Waibula)

(၆) ဒါရ်ခိုင် ရဲစခန်း (Darkhai)

(၇) သံတောင်ရဲစခန်း/ဗျူဟာကုန်း (Tantaung)

(၈) လုံငိုစခန်း (Lungngo)

(၉) ရမ်းကြီးစခန်း (Ramci)

(၁၀) သီးကီးရ်စခန်း (Tikir)

(၁၁) မှောင်တလန်းရဲစခန်း (Hmawngtlang)

(၁၂) ကပ်သဲလ်စခန်း (Kaptel)

စစ်ကောင်စီတပ်နှင့် ချင်းအမျိုးသားဒေသခံကာကွယ်ရေးတပ်များအကြား တိုက်ပွဲပေါင်း ၉၀၀နီးပါးဖြစ်ပွားခဲ့ပြီး ချင်းအမျိုးသားဒေသခံကာကွယ်‌ရေးအင်အားစုများမှ စစ်ကောင်စီ၏ တပ်စခန်းပေါင်း ၂၄ခု အထိ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီးဖြစ်သည်။

ဤသည်ကိုကြည့်ခြင်းအားဖြင့် ချင်းပြည်နယ်အတွင်း ၇၅ရာခိုင်နှုန်းအထိ ချင်းအမျိုးသားကာကွယ်ရေးအင်အားစုများမှ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း တွေ့ရှိရသည်။

နိဂုံး

အထက်ဖော်ပြပါအချက်အလက်များကို ကြည့်ခြင်းအားဖြင့် စစ်ကောင်စီမှ နိုင်ငံတော်အာဏာ သိမ်းယူပြီး ၃နှစ်အတွင်းတွင် ချင်းပြည်နယ်နှင့် ချင်းအမျိုးသားများ၏ လူနေမှုဘဝမှာ ထိုးဆင်းလာကြောင်းတွေ့ရသည်။ ထို့အပြင် လူဦးရေ ၅သိန်းမျှသာရှိသော ချင်းအမျိုးသားများအဖို့ စစ်ကောင်စီ၏ သတ်ဖြတ်မှုကြောင့် ၆၁၈ဦး အထိသေဆုံးရခြင်းသည် ၀.၁၂ ရာခိုင်းနှုန်းဖြစ်ကြောင်းတွေ့ရသည်။ 

“အခု ၃နှစ်အတွင်းမှာ ချင်းပြည်နယ်ဒေသတော်တော်များများကို ဒေသခံတော်လှန်ရေးအင်အားစုတွေဘက်ကနေ ထိန်းချုပ်ထားတာကို တွေ့ရတာအရမ်းကျေနပ်စရာပါ။ ဒါပေမယ့် ထိန်းချုပ်ထားနိုင်ရုံမဟုတ်ဘဲနဲ့ တော်လှန်ရေးအစပြုခဲ့တဲ့ ပန်းတိုင်ကိုလွဲမသွားဖို့အရမ်းလိုအပ်ပါတယ်။ ပြည်သူအများကြီးက အသက်အိုးအိမ်ပေးဆပ်ထားပြီးပြီ၊ အဲ့ဒီမျက်နှာကိုထောက်ပြီး ဘုံပန်းတိုင်ကို အတူလက်တွဲနိုင်ဖို့နဲ့ ရရှိတဲ့အာဏာမှာ ယစ်မူးပြီး မနေဖို့ ပြည်သူတစ်ယောက်အနေနဲ့ကော CDM ဆရာတစ်ယောက်အနေနဲ့ကော ပြောချင်ပါတယ်။”ဟု CDM ကထိကဆရာတစ်ဦးမှ မှတ်ချက်ပြုသွားခဲ့သည်။ 

အထက်ပါဒေတာအချက်အလက်များသည်၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၃၁ရက်နေ့အထိ ဖြစ်ပါသည်။